Thursday, 26 December 2013


>>> အိုရီယွန် (ခ) မုဆိုးကြယ်တာရာမှ ကြယ်များအကြောင်း <<< ဘီတာလဂျူ့စ် (Betelgeuse) (နန်းဦးပြင်းကြယ်) ဒီကြယ်ဟာ ည ကောင်းကင်ယံမှာ န၀မမြောက် အတောက်ပဆုံး ကြယ်ဖြစ်ပါတယ်။ အနီရောင် ကြယ်ကြီးတစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြီးလဲဆိုရင် ကျနော်တို့ နေထက် အချင်း အဆ ၈၀၀ ကြီးပါတယ်။ အရွယ်အစားကတော့ ကျနော်တို့ နေ ပေါင်း တစ်ဘီလီယံ ခွဲလောက်ကို အဲ့ဒီ့ကြယ်ကြီးထဲ ထည့်လို့ရပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၆၄၂.၅ နှစ် ကွာဝေးပါတယ်။ ရေဂျယ် (Rigel) ကြယ် ခွန်ဆန်လောကြယ် (ခ) ရေဂျယ်ကြယ်ဟာ ည ကောင်းကင်မှာ သတ္တမမြောက် အလင်းလက်ဆုံး ကြယ်ဖြစ်ပါတယ်။ ဖြူပြာရောင် ရှိပြီး၊ ကမ္ဘာမှ အလင်းနှစ် ၇၇၃ နှစ် ကွာဝေးပါတယ်။ အထူးပြုလုပ်ထားတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းများဖြင့် သေချာစွာကြည့်ရှုပါက ရေဂျယ်ကြယ်ဟာ တစ်လုံးထဲမဟုတ်ဘဲ သူ့အနားမှာ ကြယ်သေးတစ်လုံးနဲ့ အတူပူးတွဲပြီး တည်ရှိနေတာဖြစ်ပါတယ်။ ................ ၀ါးဆစ်ကြယ် (သို့) ခါးပါတ်ကြယ် (၃) လုံး မင်းတီက (Mintaka) super-giant ကြယ်အမျိုးအစားဖြစ်ပြီး ဖြူပြာရောင်ရှိပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၈၀၀ ကွာဝေးပါတယ်။ အိုရီယွန်ခါးပတ်ရဲ့ အနောက်ဘက် အစွန်မှာရှိတဲ့ကြယ်ပါ။ ကျနော်တို့ နေထက် အဆ ၁၀ ၀၀၀ ပိုမိုတောက်ပ ပါတယ်။ မျက်နှာပြင် အပူချိန်ဟာ ၆၀ ၀၀၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် ရှိပါတယ်။ ဒြပ်ထုဟာ နေထက် အဆ ၂၀ ပိုမို သိပ်သည်းပါတယ်။ အယ်နလမ် (Alnilam) အိုရီယွန်ခါးပတ်ကြယ်ရဲ့ ခလယ်ကကြယ်ပါ။ သူသည်လည်း ဖြူပြာရောင် super giant ကြယ်အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၁၀၀၀ ကွာဝေးပါတယ်။ ကျနော်တို့နေထက် အဆပေါင်း ၁၈ ၀၀၀ ပိုမိုတောက်ပ လင်းလက်ပါတယ်။ ဒြပ်ထုကလည်း မင်းတီက ကဲ့သို့ ကျနော်တို့ နေထက် အဆ ၂၀ ပိုမိုသိပ်သည်းပါတယ်။ မျက်နှာပြင် အပူချိန်ကတော့ ကြယ်သုံးခုမှာတော့ အအေးဆုံးပါဘဲ။ ဒါပေမယ့် အပူချိန်က ၅၀ ၀၀၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိပါတယ်။ အယ်နီတာ့ခ် (Alnitak) သူကတော့ ကြယ်သုံးခုမှာ အမှိန်ဆုံးကြယ်ပါဘဲ။ မင်းတီကာနဲ့ မျက်နှာပြင်အပူချိန် အတူတူရှိပါတယ်။ ဒါပေမယ့် နေထက် အဆ ၇၀၀၀ သာ ပိုမိုတောက်ပ လင်းလက်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၉၀၀ အကွာမှာ တည်ရှိပါတယ်။ ...................... ဆိုက်(ဖ်)ကြယ် ဆိုက်(ဖ်) Saiph ကြယ်ဟာ အိုရီယွန်ကြယ်စုမှာ ဆဌမမြောက် အတောက်ပဆုံးကြယ်ဖြစ်ပါတယ်။ ကြယ်စုရဲ့ အရှေ့တောင်ထောင့် နေရာမှာရှိပါတယ်။ ဆိုက်(ဖ်) ဆိုတာလည်း ယခင်ဖော်ပြထားသော ခါးပတ်ကြယ်များလိုပါဘဲ၊ အာရပ်ဘာသာစကား saif al jabbar မှ ဆင်းသက်လာပါတယ်။ ကြီးမားသော ဓါး လို့ အဓိပ္ပယ်ရပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၇၂၀ ကွာဝေးပါတယ်။ ရေဂျယ် (ခ) ခွန်ဆန်လောကြယ်နဲ့ အကွာအဝေး သိပ်မကွာပါဘူး။ ပြီးတော့ အဲ့ဒီ့ ရေဂျယ် ကြယ်ထက်လဲ ပိုမိုတောက်လောင်လျက်ရှိပါတယ်။ မျက်နှာပြင်အပူချိန် ၂၆၅၀၀ K ရှိပါတယ်။ ဒါပေမယ့် ရေဂျယ်ကြယ်ထက် ပိုပြီး မှိန်နေရသော အကြောင်းမှာ သူမှ ထွက်သော ရောင်ခြည်များဟာ အများအားဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်တဲ့ အနီအောက် ရောင်ခြည်များ ဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ ကျနော်တို့နေထက် ဒြပ်ထုအားဖြင့် ၁၇ ဆ ခန့်ကြီးမားပြီး အချင်းကတော့ ၂၂ ဆ ပိုမိုကြီးမားပါတယ်။ ဆိုက်(ဖ်) ကဲ့သို့ ကြီးမားပြီး တောက်ပသော ကြယ်များဟာ ပေါက်ကွဲ ပျက်စီး သွားမယ့်အချိန် ဆိုရင်တော့ ကြီးမားတဲ့ ဆူပါနိုဗာ အဖြစ် ကို ရောက်ရှိမှာဖြစ်ပါတယ်။ ............. အိုရီယွန်ခါးပတ်ကြယ်များအနီးမှာတော့ ကြီးမားတဲ့ နက်ဗြူလာကြီး တစ်ခုရှိပါတယ်။ Messier 42 (M42) သို့မဟုန် NGC 1976 လို့ခေါ်ပါတယ်။ ကြယ်သစ်များကို မွေးဖွားလျက်ရှိပါတယ်။ ထိုကြယ်စုများကိုသွားဖို့ ကျနော်တို့ ကမ္ဘာမှ လက်ရှိ အမြန်ဆုံးယာဉ်နှင့် တစ်နာရီမိုင် ၄၀ ၀၀၀ နှုန်းနဲ့သွားမယ်ဆိုရင် နှစ်ပေါင်း ဆယ်သန်းကြာမှာဖြစ်ပါတယ်။

No comments:

Post a Comment